International News

ကမ္ဘာ့စီးပွားရေး အနည်းဆုံး (၆) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ဖွယ်ရှိခြင်း

Last Updated:

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Cooperation and Development-OECD) အရ ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင်အနည်းဆုံး (၆) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (Covid-19) ဒုတိယ တစ်ကြိမ် ဖြစ်ပွားခဲ့လျှင်ဖြစ်စေ၊ မဖြစ်ပွားလျှင်ဖြစ်စေ ယင်း၏အကျိုးဆက်များ အနေဖြင့် ဆိုးရွားမှု ရှိပြီး၊ ကာလကြာရှည်မည်ဖြစ်သည်ဟု OECD က ယင်း၏ စီးပွားရေးသုံးသပ်ချက်တွင် သတိပေးထား ကြောင်း၊ Covid-19 ကပ်ရောဂါဒုတိယလှိုင်းအနေဖြင့် ဖြစ်ပွားမှုမရှိခဲ့ပါက ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်တွင် (၆) ရာခိုင်နှုန်းကျဆင်းနိုင်ပြီး၊ ၂၀၁၉ ခုနှစ်တွင် (၅.၄) ရာခိုင်နှုန်း ရှိခဲ့သည့် OECD ၏ အလုပ်လက်မဲ့နှုန်းမှာ (၉.၂) ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

Covid-19 ကပ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားခဲ့ပါက ကမ္ဘာ့စီးပွားရေးတွင် (၇.၆) ရာခိုင်နှုန်းဖြင့် ကျဆင်းနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် (၂.၈) ရာခိုင်နှုန်းပြန်လည်တိုးတက် နိုင်ကြောင်း OECD က ခန့်မှန်း ထားပါသည်။  အဆိုပါအခြေအနေတွင် OECD ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ် နှုန်းထား၏ (၂) ဆနီးပါးဖြစ်သည့် (၁၀) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင် ကဏ္ဍ၌ အနည်းငယ်ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ ကန့်သတ်ပိတ်သိမ်းမှုအစီအမံများကြောင့် ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု နှေးကွေးစေရန်နှင့် ကပ်ရောဂါကြောင့် သေဆုံးမှုလျှော့ချနိုင်ရေး တို့တွင် အောင်မြင်မှုရရှိကြသော်လည်း လုပ်ငန်းကဏ္ဍများစွာ၌ စီးပွားရေး လုပ်ငန်းရပ်များအား ရပ်တန့်သွားစေပြီး၊ မညီမျှမှု (Inequality) ကို ပိုမိုကျယ်ပြန့်လာစေခြင်း၊ ပညာရေးနှောင့်နှေးခြင်းနှင့် အနာဂတ်စီးပွားရေးအပေါ် ယုံကြည်မှုလျော့ကျစေခြင်းတို့ကို ဖြစ်စေခဲ့ကြောင်း၊ ကန့်သတ်ထိန်းချုပ်မှုအစီအမံများ အနည်းငယ် ပျော့ပြောင်း သည့်နိုင်ငံများ၌ပင် ရရှိထားသည့် စာရင်းဇယားများအရ ကပ်ရောဂါကြောင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကုန်ကျမှုကြီးမားကြောင်း၊ အစိုးရအသုံးစရိတ်များအနေဖြင့် ထိခိုက်မှုအရှိဆုံး ကဏ္ဍများအားကောင်းစွာထောက်ပံ့ပေးသင့်ပြီး၊ ရေရှည်တည်တံ့သည့် စီးပွားရေးပြန်လည်နိုးထမှု အတွက်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုး ပေးသင့်သည်ဟု OECD ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်)

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News